အူထဲက ပိုးမျိုးရှစ်ဆယ်အကြောင်း
အစာစားရတာကို အူထဲက ပိုးမျိုးရှစ်ဆယ်ကို ကျွေးရဦးမယ်လို့ ပြောတတ်ကြတယ် မဟုတ်လား။ တကယ်တော့ ပုံမှန်အားဖြင့် အူထဲမှာ ပိုးပေါင်းသန်းပေါင်းများစွာ ရှိပါတယ်။ အူထဲမှာပုံမှန်ရှိတဲ့ပိုးတွေဟာ ဘက်တီးရီးယား (Bacteria)၊ ဗိုင်းရပ်စ် (Virus)၊ မှို (Fungus) နဲ့ အူထဲမှာနေနိုင်တဲ့ပိုးတွေ (Other Microorganisms) အမျိုးအစားအားဖြင့် ထောင်ကျော်အောင်ရှိနေပါတယ်။
အများစုက လူကိုအကျိုးပြုတဲ့ပိုးတွေ ဖြစ်ပေမယ့် ပုံမှန်ထက် အရမ်းနည်းလွန်းတာ၊ များလွန်းတာ ဖြစ်လာရင်တော့ အန္တရာယ်ဖြစ်လာပါလိမ့်မယ်။ ရှိသင့်တဲ့ပမာဏရှိတဲ့ ပိုးတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထောက်အကူပြုလုပ်ငန်းတွေ လုပ်ဆောင်ပေးပါတယ်။
ဘာတွေလုပ်ပေးသလဲ?
- ခြေလိုက်တဲ့အစာတွေကနေ စွမ်းအင်တွေ ထုတ်ပေးတယ်
- ရောဂါပိုးတွေကနေ ကာကွယ်ပေးတယ်
- ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်
- အူတွေရဲ့ ဇီဝဓာတုအကာအကွယ်အလွှာ (Biochemical Barriers) ကို ကြံ့ခိုင်အောင် လုပ်ပေးတယ်။
အကျိုးပြုဘက်တီးရီးယားတွေ၊ ပိုးတွေရဲ့ အရေအတွက် အနည်းအများက အထက်ပါလုပ်ငန်းစဥ်တွေအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။
- ပန်းနာရင်ကြပ်ရောဂါ
- ဆီးချိုရောဂါ
- ကင်ဆာရောဂါ
- နှလုံးရောဂါ
- အဝလွန်ရောဂါ
- အာဟာရချို့တဲ့သည့်ရောဂါ
- နှင်းခူရောဂါ
- Inflammatory Bowel Diseases လို့ခေါ်တဲ့ နာတာရှည်အူရောင်ရောဂါ
- Irritable Bowel Syndrome လို့ခေါ်တဲ့ အူလှုပ်ရှားမှုများပြီး ဝမ်းမကြာခဏသွားတဲ့ရောဂါ
- Autoimmune Diseases လို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည်တိုက်ထုတ်တဲ့ ရောဂါတွေဟာ အကျိုးပြုဘက်တီးရီးယားနဲ့ ပိုးတွေရဲ့ အရေအတွက်နဲ့ ဆက်စပ်လျက် ရှိပါတယ်။
အကျိုးပြုပိုးတွေနည်းသွားတဲ့အခါ နာတာရှည်အစာအိမ်ရောဂါတွေ၊ အစာမကြေရင်ပြည့်ရင်ကယ်တာ၊ ရင်ပူရင်ခေါင်းအောင့်တာတွေ ဖြစ်တတ်ပါတယ်။
အကျိုးပြုဘက်တီးရီးယားတွေ ရှိသလို ခန္ဓာကိုယ်ကို အန္တရာယ်ပေးတဲ့၊ ရောဂါတွေဖြစ်စေတဲ့ ပြင်ပကဝင်ရောက်လာတဲ့ ဘက်တီးရီးယားတွေလည်း ရှိနိုင်ပါတယ်။ ထိုဘက်တီးရီးယားတွေကြောင့် အစာအဆိပ်သင့်တာ၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်တာ၊ အန်တာတွေ ဖြစ်တာပါ။
အသီးအရွက်တွေ၊ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုးနဲ့ အချဥ်ဖောက်ထားတဲ့အစားအစာတွေ (ဒိန်ချဥ်၊ ပဲတီချဥ်၊ ချဥ်ဖတ်အမျိုးမျိုး၊ ကင်မ်ချီ စသည်) ဟာ Probiotic Foods လို့ခေါ်တဲ့ အကျိုးပြုပိုးတွေကို အားကောင်းစေတဲ့ အစားအစာတွေပါ။ အစားအစာတွေအပြင် probiotics ကို ဖြည့်စွက်စာဆေး အနေနဲ့သောက်သုံးပြီး ပိုးတွေပြန်မွေးမြူလို့ရပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးဖို့တော့ လိုပါတယ်။
အခုဆိုရင် ရှစ်ဆယ်မကတဲ့ ပိုးမျိုးပိုးကောင်းတွေအကြောင်း သိပြီမို့ ပိုးတွေကိုကျန်းမာအောင် မွေးမြူစောင့်ရှောက်ကြရအောင်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်